အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ ဧကန်အမှန်ပင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ညစဉ်ညတိုင်းအိပ်ရာဝင်သောအခါ မိမိ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်စုရုံးတော်မူပြီး ယင်းလက်ဖဝါးနှစ်ဖက်တွင် ခိုလှုံမှုတောင်းခံသည့်စူရဟ်များကို ဖတ်ရွတ်ကာ မန်းမှုတ်တော်မူသည်။ လေဖြင့်မှုတ်ခြင်းဟူသည် တံတွေးထွေးသလောက်မများပေ။ ဤနေရာတွင် ပါးစပ်မှတံတွေးအနည်းငယ်ပါသောလေဖြင့် မှုတ်ခြင်းကိုဆိုလိုသည်။ ထို့နောက် ၎င်းလက်ဖဝါးနှစ်ဖက်ဖြင့် ရောက်နိုင်သလောက်ခန္ဓာကိုယ်နေရာအနှံ့ကို ပွတ်သပ်တော်မူသည်။ကိုယ်တော်သည် လက်ဖဝါးနှစ်ဖက်ဖြင့် ပထမဦးဆုံး ဦးခေါင်း၊ ၎င်းနောက်မျက်နှာ၊ ၎င်းနောက်ခန္ဓာကိုယ်အရှေ့ဘက်မှစ၍ ပွတ်သပ်တော်မူသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုအတိုင်း သုံးကြိမ်သုံးခါပြုလုပ်တော်မူသည်။ အခြားဆင့်ပြန်ချက်တစ်ရပ်တွင် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ပြောကြားခဲ့သည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဘဝ၏နောက်ဆုံးအချိန် မကျန်းမမာဖြစ်သည့်အခါ ကိုယ်တော့်အား ထိုအတိုင်းမန်းမှုတ်ပေးရန် ကိုယ်တော်သည် ကျွန်မအားအမိန့်ပေးတော်မူသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နာမကျန်းဖြစ်သည့်အခါနှင့်အိပ်ရာဝင်သည့်အခါ မိမိကိုယ်မိမိ မန်းမှုတ်လေ့ရှိခြင်းသည် ဤအခြေအနေနှစ်ခုတွင် မန်းမှုတ်ခြင်း၌ကြီးကျယ်လှသည့် ‘ဗရကသ်’မင်္ဂလာရှိကြောင်း ညွှန်ပြနေသည်။