တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ ကုရ်အာန်ကျွမ်းကျင်သူသည် ဂျန္နသ်သို့ဝင်ရောက်သည့်အခါ (ဤသို့)ပြောကြားခြင်းခံရလိမ့်မည်။ (ကုရ်အာန်ကျွမ်းကျင်သူဟူသည် ကုရ်အာန်ကို အမြဲတစေဖတ်ရွတ်ပြီး ကျမ်းလာအတိုင်း အမလ်ကျင့်ဆောင်သူကိုဆိုလိုပြီး ကုရ်အာန်ကိုဖတ်ရွတ်ပြီး ကျမ်းလာအတိုင်း အမလ်ကျင့်ဆောင်မှုမရှိသူကို မဆိုလိုပေ။) အသင်ဖတ်ပါ၊ ဂျန္နသ်၏အဆင့်များသို့တက်ပါ အသင်လောက၌ ရှိစဥ်အခါက စကားလုံးများကို သဂ်ျဝီးဒ် ဥပဒေအတိုင်း ဌာန်ကရိုဏ်းကျစွာနှင့် ရပ်နားရမည့်ဥပဒေများကို သိနားလည်ပြီးဖတ်ခဲ့သည့်အတိုင်း သရ်သီလ်နှင့်ဖတ်ပါ။ နောင်တမလွန်ဘဝ၌ အသင်၏အဆင့်အတန်းသည် (တစ်အာယသ်ပြီးတိုင်း အဆင့်တစ်ဆင့်တက်သွားပြီး) သင်နောက်ဆုံး ဖတ်ရွတ်လိုက်သည့် အာယသ်တော်နှင့်အညီ အဆင့်အတန်းရရှိမည်ဖြစ်သည်။