တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ သေခြင်းတရားအား ကိယာမသ်နေ့၌ အနက်ရောင်နှင့် အဖြူရောင်အမွေးပါရှိသော သိုးတစ်ကောင်ပုံစံနှင့်ယူဆောင်လာမည်။၎င်းနောက် ကြေညာသူတစ်ဦးက ကြေညာမည်မှာ အို ဂျန္နသ်သုခဘုံသားတို့၊ ၎င်းတို့က ကြည့်ရှုရန်အတွက် လည်ဂုတ်ကိုစန့်၍ ခေါင်းထောင်လိုက်ကြမည်။ ထိုအခါကြေညာသူက အသင်တို့ ဤသိုးကို သိကြလေသလောဟုမေးမြန်းလိမ့်မည်။ ထိုအခါ ဂျန္နသ်သုခဘုံသားတို့က ဟုတ်ကဲ့၊ ဤအရာသည်သေခြင်းတရားဖြစ်ပါသည်ဟု ဖြေကြားကြမည်။ ၎င်းတို့အားလုံးသည် မိမိတို့အသက်ဝိညာဥ်ရုပ်သိမ်းခံရစဥ်အခါက ထိုသေခြင်းတရားအားသိရှိမြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ထို့နောက် ၎င်းက အို-ငရဲသားအပေါင်းတို့ဟု ခေါ်လိုက်ရာ ၎င်းတို့က ကြည့်ရှုရန်အတွက်လည်ဂုတ်ကိုစန့်၍ ခေါင်းထောင်လိုက်ကြမည်။ထိုအခါကြေညာသူက အသင်တို့ ဤသိုးကိုသိကြလေသလောဟု မေးမြန်းလိမ့်မည်။ ထိုအခါ ငရဲဘုံသားတို့က ဟုတ်ကဲ့ ဤအရာသည်သေခြင်းတရားဖြစ်ပါသည်ဟု ဖြေကြားကြမည်။ ၎င်းတို့အားလုံးသည် မိမိတို့အသက်ဝိညာဥ်ရုပ်သိမ်းခံရစဥ်အခါက ထိုသေခြင်းတရားအားသိရှိမြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ထိုအခါ သေခြင်းတရားသည် (သိုးပုံစံနှင့်) လည်လှီးခြင်းခံလိုက်ရမည်။ ထို့နောက်ကြေညာသူကပြောမည်မှာ အို-ဂျန္နသ်သုခဘုံသားတို့၊ ဂျန္နသ်၌အမြဲထာဝရ နေထိုင်ကြလော့။ ပထအကြိမ် သေဆုံးခဲ့ကြပြီးနောက် မည်သည့်အခါတွင်မျှ သင်တို့သေဆုံးကြတော့မည်မဟုတ်ပေ။ ထို့နောက်ကြေညာသူကပြောမည်မှာ အို-ငရဲဘုံသားတို့၊ သေခြင်းတရားလည်းမရှိ၊ စိတ်ချမ်းသာမှုလည်းမရှိ၊ အကျိုးရှိသောရှင်သန်ခြင်းလည်းမရှိတော့ဘဲ ဂျဟန္နမ်ငရဲ၌ အမြဲထာဝရနေထိုင်ကြလော့။ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဤအာယသ်တော်အား ဖတ်ရွတ်တော်မူခဲ့သည်။ (၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အမှန်စင်စစ် ၎င်းတို့သည် အလေးမမူ ဂရုမစိုက်ဘဲရှိနေကြပေရာ အကြင်ဝမ်းနည်းကြေကွဲရမည့်နေ့နှင့် စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ထိုနေ့တွင် အမှုကိစ္စအဝဝသည် (နောက်ဆုံးအနေဖြင့်) စီရင်ဆုံးဖြတ်ပြီး ဖြစ်အံ့သတည်း။) နောင်တမလွန် အာခိရသ်သည် မေ့လျော့ပေါ့ဆသည့် နေရာဌာန မဟုတ်သောကြောင့် ကိုယ်တော်က အာယသ်တော်တွင်ပါရှိသော သူများဘက်သို့ညွှန်းဆိုကာ ဤသူတို့သည် လောကီသမားများပင်ဖြစ်ကြသည်ဟု ရှင်းပြတော်မူခဲ့သည်။ (ထို့အပြင် ၎င်းတို့သည် မယုံကြည်ကြချေ။) ဆိုလိုသည်မှာ ၎င်းတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြပြီး မေ့လျော့ပေါ့ဆစွာနေထိုင်ခဲ့ကြသည်။ ၎င်းတို့သည် လောကီသမားများပင်ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝရနေထိုင်ရန် ထိုက်တန်သွားကြသည်။